• ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ် – အပိုင်း(၂)

    အခြေခံသဘောထားချမှတ်ခြင်း၊

     “ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသည်၊ ကရင့်တော်လှန်ရေးကို အကျိုး မပြုနိုင်။ လူမျိုးစုံ သွေးစည်းညီညွတ်ရေး ဝါဒကို ကျင့်သုံးရမည်။ ဗမာပြည်တွင်းရှိ လူမျိုး အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ထိုသို့ ပူးပေါင်းရာတွင် တန်းတူမှု လွတ်လပ်မှု ရှိသော အမျိုးသားရေးဝါဒကို ကျင့်သုံးရမည်။ 

     ကရင်အမျိုးသားများ ဆန့်ကျင်တိုက်ခိုက်နေသည်မှာ မြန်မာလူမျိုးမဟုတ်။ ဖဆပလ အစိုးရသာ ဖြစ်သည်။ ဖဆပလ အစိုးရသည် ဗမာပြည်သူ၊ အလုပ်သမား၊ လယ်သမားများအပေါ် ဖိနှိပ် တိုက်ခိုက် နေသည်ဖြစ်၍ အဖိနှိပ်ခံ မြန်မာအလုပ် သမား၊ လယ်သမားများနှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီး၊ ပူးပေါင်း တိုက်ရမည်ဖြစ်သည်။ လူမျိုးစုံ သွေးစည်း ညီညွတ်ရေးဝါဒအပေါ် မြန်မာ အလုပ်သမားများနှင့် ရင်းရင်း နှီနှီး ပူးပေါင်း တိုက်ပွဲဝင်ရမည်။ 

     မြေရှင် ပဒေသရာဇ် ဖဆပလ အစိုးရသည်၊ နယ်ခ့ျဲစံနစ်၊ မြေရှင် ပဒေ သရာဇ် စံနစ်၊ မဟာလူမျိုး ကြီးဝါဒကို ကိုယ်စားပြုသော အစိုးရဖြစ်သည်။ သို့သော် ဖဆပလ အစိုးရကို အဓိကထား တိုက်ရမည်။ နယ်ခ့ျဲ ပဒေသရာဇ်နှင့် မဟာလူမျိုးကြီး ဝါဒကို ဆန့်ကျင်သည့် လုပ်ငန်းများကိုလည်း ချမှတ်ရမည်။ 

     ကရင်ပြည်တွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ကရင်ပြည်ကို ထူထောင်ရမည်။ တိုင်းပြည်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာရှိသော ကရင်ပြည် ဖြစ်ရ မည်။ သီးခြားပြည်နယ်အဖြစ် ခွဲထွက်သည်ထက် ပူးပေါင်းခြင်းက ပိုမိုအကျိုးရှိသည်။ သို့သော်လည်း ပြည်နယ်တိုင်းတွင် လူမျိုးရေး ရပိုင်ခွင့် အခွင့်အရေး အပေါ်တွင် ခွဲထွက် လိုက ခွဲထွက်ပိုင်ခွင့်လည်း ရှိရမည်။

     ကရင့်တော်လှန်ရေးတွင် စစ်ရေး ဦးဆောင်မှုကို မပေးဘဲ၊ နိုင်ငံရေးကသာ ဦးဆောင်မှုကို ပေးရမည်။ ဦးဆောင်ပါတီတရပ် ရှိရမည်။ လက်နက်ကိုင် တိုက်ပွဲကာလ ဖြစ်၍ လက်နက်ကိုင် စည်းရုံးရေးသည် အဓိက စည်းရုံးရေးအသွင် ဖြစ်သည်။ 

    ဦးဆောင်ပါတီအောက်တွင် စည်းကမ်းရှိသော တပ်မတော်ရှိရမည်။ 

    အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုတရပ် ဖွဲ့စည်းရမည်။

    လူမျိုးများ။

    ဗမာပြည်တွင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး ပါဝင်သော ပြည်သူ့ဒီမိုကရေစီ တပ် ပေါင်းစုတရပ် ဖွဲ့စည်းရမည်။

    ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်

    ပထမလမ်းစဉ်၏ ခ့ျိုယွင်းအားနည်းချက်များကို သုံးသပ်ရာတွင်

    ၁။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ၊ မြန်မာ ဆန့်ကျင်ရေးမုန်းတီးမှု၊ တိုက် ခိုက်မှုများ သည်၊ တော်လှန်ရေးကို အကျိုးမပြုသည့်အပြင် ကရင့်တော်လှန်ရေးကို ပျက်စီး စေနိုင်သည်။ 

    ၂။ တိကျ မှန်ကန်သော တော်လှန်ရေး လမ်းစဉ် လုပ်ငန်းစဉ်များ ချမှတ်နိုင်မှု မရှိခြင်း၊ 

    ၃။ စစ်အုပ်ချုပ်ရေးကို ချမှတ်ခဲ့ခြင်းကြောင့် တော်လှန်ရေးအခြေအနေနှင့် မကိုက် ညီသည့်အပေါ် ခေါင်းဆောင်(၂)ဦးဖြစ်သူ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့က အောက်ပါ အတိုင်း ရေးဆွဲခဲ့ကြသည်။ 

    က။ ကရင့်တော်လှန်ရေး၏ ရည်ရွယ်ချက်၊ 

     ခ။ ကရင့်တော်လှန်ရေး၏ အဓိက ရန်သူ၊

     ဂ။ ကရင့်တော်လှန်ရေး၏ အဓိက ပစ်ကွင်း၊

    ဃ။ ကရင့်တော်လှန်ရေး၏ အင်အားစုများ၊

     င။ ကရင့်တော်လှန်ရေး၏ ဝင်ရိုး၊

     စ။ ကရင့်တော်လှန်ရေး၏ လုပ်ငန်းစဉ်များတွင် ပါဝင်သော လုပ်ငန်းစဉ်များကို ရေးဆွဲခဲ့ပြီး၊ ၁၉၅၃ ခု၊ ဇွန်လ (၉)ရက်နေ့၊ မြစ်ဝကျွန်းပေါ်ရှိ ဝိန့်ထောင် ကွန်ဖရင့်တွင် တင်သွင်းပြီး ဆွေးနွေး အတည်ပြုခဲ့သည်။ စမ်းသပ် ကျင့်သုံးခဲ့ကြသည်။ ဆက်လက်ပြီး ၁၉၅၄ ခု၊ သြဂုတ်လ (၂၄)ရက်နေ့ လှေဆွဲ ကွန်ဖရင့်တွင်၊ ဤ လမ်းစဉ်ကို ဒုတိယ လမ်းစဉ်ဟု သတ်မှတ်ခဲ့သည်။ လှေဆွဲ ကွန်ဖရင့်တွင် နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက် ချက်များကို ပြန်လည် ဆန်းစစ်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့သည်။ ဤလှေဆွဲ ကွန်ဖရင့်၌ပင် ကရင့်တော်လှန်ရေး အောင်ပွဲဆင်ရေးအတွက် တပ်ဦးပါတီတခုကို ဖွဲ့စည်းရန် ထို တပ်ဦး ပါတီ၏ အောက်တွင် အမြဲတမ်း တပ်မတော်၊ ပြောက်ကျား တပ်မတော်ကို ဖွဲ့စည်း ရန်ကိုလည်း အဆိုပြုခဲ့သည်။ ကျေးရွာကာကွယ်ရေးတပ်ကိုမူ ဆက်လက်၍ ထားရှိ လေသည်။ 

    ၁၉၅၃ ခုနှစ် ဝိန့်ထောင် ကွန်ဂရက်မှ ချမှတ် အတည်ပြု ကျင့်သုံးခဲ့သော ဒုတိယ လမ်းစဉ်ကို ပြန်လည် သုံးသပ်ရာတွင် အောင်ပွဲဆီသို့ ပို့ဆောင်နိုင်သော လမ်းစဉ်ဟု အသိအမှတ် ပြုကြသည်။ ထို့ကြောင့် ဒုတိယလမ်းစဉ်ကို ကော်သူးလေ နယ်မြေများ ဖြစ်သော အရှေ့တိုင်း၊ မြစ်ဝကျွန်းပေါ်တိုင်း အားလုံးတွင် ကျင့်သုံးရန် အမျိုးသား ကွန်ဂရက် တရပ်ကို ၁၉၅၆ ခုနှစ်၌ အရှေ့တိုင်း မောကို ကွန်ဂရက်တွင် ခေါ်ယူပြီး အတည်ပြုခဲ့သည်။ 

     ၁၉၅၆ ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ ကျင်းပခဲ့သော မောကို ကွန်ဂရက်တွင် ဒုတိယလမ်းစဉ်ကို အတည်ပြုခဲ့သည်။

    ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်၏ ရည်မှန်းချက်၊

    ရည်မှန်းချက် (၁)။   ကရင်အမျိုးသားများ၏ အချုပ်အခြာအာဏာပိုင် ကရင်ပြည် ရရှိရေး။

    ရည်မှန်းချက် (၂)။ ဗမာပြည်ရှိ တိုင်းရင်းသား လူမျိုးစုအားလုံး အချုပ်အခြာ အာဏာ ပိုင်သော ပြည်နယ်များ ရရှိရေး။

    ရည်မှန်းချက် (၃)။ လူမျိုးစုများ၏ ဆန္ဒအရပူးပေါင်း၍ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်သူ့ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန်။

    ရည်မှန်းချက် (၄)။  အဆုံးသတ် ရည်မှန်းချက်မှာ ဆိုရှယ်လစ် လူ့ဘောင်ဆီသို့ ချီတက် သွားရန် ဖြစ်သည်။ 

    ကရင့်တော်လှန်ရေး အခြေခံ ရန်သူ။ – နယ်ခ့ျဲစနစ်၊ မြေရှင်ပဒေသရာဇ်စံနစ်။

    အဓိက တိုက်ကွင်း။ – ဖဆပလ အစိုးရ။

    ကရင့်တော်လှန်ရေး တိုက်ပွဲ သဏ္ဌာန်။ – လက်နက်ကိုင်တိုက်ပွဲ။

    စည်းရုံးရေး သဏ္ဌာန်။ – လက်နက်ကိုင် စည်းရုံးရေး။

    လက်နက်ကိုင် တိုက်ပွဲသည် အဓိက စည်းရုံးရေး သဏ္ဌာန်ဖြစ်သည်။ 

    အဓိက ဝင်ရိုး။ – မြေယာ တော်လှန်ရေး။

    ဒုတိယ လမ်းစဉ်၏ လုပ်ငန်းစဉ်များ၊ 

    ၁။ နိုင်ငံရေး လုပ်ငန်း။ 

    ကေအဲန်ယူပါတီကို ကရင့်တော်လှန်ရေးရှေ့ဆောင် တပ်ဦးပါတီအဖြစ်၎င်း၊ ကေအဲန်ယူ အစည်းအရုံးအား ကရင့်တော်လှန်ရေး၏ ကျောရိုးအဖြစ်၎င်း၊ စည်းရုံးဖွဲ့စည်း တည် ထောင်သွားရန်။

    ၂။ လူမျိုးစုလုပ်ငန်း။

    ဒီမိုကရက်တစ် လူမျိုးစုများ၏ ညီညွတ်ရေး အင်အားစုများကို စုပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်းသွားရန်။

    ၃။ ဒီမိုကရေစီတပ်ပေါင်းစုလုပ်ငန်း။

    ဗမာပြည်အတွင်းရှိ တော်လှန်သော အင်အားစု အားလုံးကို စုစည်းပြီး ပြည်လုံးဆိုင်ရာ တပ်ပေါင်းစုကြီးကို တည်ဆောက်ရန်။

    (၄) စီးပွားရေးလုပ်ငန်း။

    ပြည်သူ့ဒီမိုကရေစီ စီးပွားရေးလုပ်ငန်းနှင့်အညီ လူတန်းစား (၄)ရပ်အတွက်၊ ၎င်းတို့၏ အကျိုးစီးပွား အသီးသီးနှင့် ကိုက်ညီသည့် စီးပွားရေးပေါ်လစီများကို ချမှတ်ကျင့်သုံးရန်။

    (၅) စစ်ရေးလုပ်ငန်း။

    ကော်သူးလေ ပြည်သူ့တပ်မတော်ကို ဖွဲ့စည်းရာတွင် တပ်မတော် (၃) ရပ်ကို ထားရှိရန်။ 

    က။ K.P.L.A. (ကေပီအယ်လ်အေ)၊ ကရင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ 

    ခ ။ K.P.G.F. (ကေပီဂျီအက်ဖ်)၊ ကရင်ပြည်သူ့ ပြောက်ကျားတပ်မတော်၊ 

    ဂ ။ K.N.D.O. (ကေအဲန်ဒီအို)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ 

    (၆) အုပ်ချုပ်ရေးလုပ်ငန်း။

    ရန်သူစိုးမိုးသည့် နယ်မြေများအတွင်း ရန်သူ့အာဏာကို တိုက်ဖျက်ပြီး ကရင့် တော်လှန် ရေး၊ အုပ်ချုပ်ရေး အာဏာကို အစားထိုး တည်ဆောက်ရန်။ 

    (၇) လူမှုရေးလုပ်ငန်း။

    ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် သွားရန်။

    (၈) ဘာသာရေးလုပ်ငန်း။

    ဘာသာရေးတွင် ဘာသာတိုင်း တန်းတူခြင်းနှင့် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရရှိရေး ဆောင်ရွက်ရန်။

    (၉) နိုင်ငံခြားရေး ပေါ်လစီ။ 

    နိုင်ငံခြား ဆက်ဆံရေးတွင် အောက်ပါ နိုင်ငံတကာ မူကြီး (၅)ချက်ကို အခြေခံ ကျင့်သုံး ဆက်ဆံရန်။

    က။ တနိုင်ငံနှင့် တနိုင်ငံ အချုပ်အခြာပိုင် နယ်မြေကို အပြန်အလှန် လေးစား လိုက်နာ ကြရန်၊

     ခ။ တနိုင်ငံနှင့် တနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် နှောက်ယှက် စွက်ဖက်ခြင်း မပြုရန်၊

     ဂ။ နိုင်ငံတခု၏ လွတ်လပ်ခွင့်ကို အင်အားသုံး၍ ကျူးကျော် ခြိမ်းခြောက်ခြင်း မပြုရန်၊

    ဃ။ အပြန်အလှန်အကျိုးပြုခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးတက်အောင် ဆောင် ရွက်ရန်၊

     င။ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်း ကြရန်။

  • ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ် – အပိုင်း(၁)

    ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်။

     ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်ကို ရေးဆွဲသည့်ပုဂ္ဂိုလ်များ ဖြစ်သော၊ မန်းဘဇန်နှင့် စောဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေး၏ ဗွေဆော်ဦးကာလ၊ ၁၉၄၉ ခုနှစ်မှ၊ ၁၉၅၃ ခုနှစ် ဝိန့်ထောင်-ကွန်ဖရင့် ကျင်းပသည့် အချိန်ထိ ကာလပိုင်းကို ပထမ လမ်းစဉ်ဟူ၍ သတ်မှတ်ခဲ့သည်။ 

     ပထမ လမ်းစဉ်သည် အမျိုးသားရေး အမြင်သက်သက်သာ ဖြစ်သည်ကိုလည်း ဖော်ပြခဲ့သည်။ 

     ကရင့်လက်နက်ကိုင် တော်လှန်ရေးသမိုင်းကို ရေးသားခဲ့သူ ဆရာကြီး စကော လယ်တော ကလည်း၊ ဤအချက်ကို ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ကေဂျီဘီ (K.G.B.) အစည်းအဝေးတွင်အောက်ပါအတိုင်း အခိုင်အမာ ထောက်ခံခဲ့သည်။ 

     K.G.B. ခေတ်ကာလ ကော်သူးလေဝါဒမှာ တမျိုးသားလုံး၏ ဝါဒဖြစ်ပြီး၊ ဒီမိုကရေစီကို အခြေခံလျက်ရှိသည်။ ခပ်တိုတိုစကားတခွန်းတည်းဆိုရလျှင် “ကရင်ဝါဒ” Karenism. ပင်ဖြစ်သည်။ 

     “The policy of Kaw Thoo Lei is Nationalism based on democracy in the World” ဖြစ်သည်။ 

     ဆက်လက်၍ ဖော်ပြရာတွင် ကရင်တမျိုးသားလုံး၏ ဝါဒသည် မွန်မြတ်သည့် အချက် (၅)ချက် အပေါ်တွင် မှီတည်ပြီး၊ မိဘ ဘိုးဘွားတို့၏ ရှေးပ‌ဝေသဏီ ကာလ ကတည်းက အဆင့်ဆင့် ဆင်းသက်လာသည့် အောက်ပါအချက်များပင် ဖြစ်သည်။ 

    (၁) အမှန်တရား၊  Truth.

    (၂) သန့်ရှင်းစင်ကြယ်ခြင်း၊  Purity.

    (၃) ညီအကို မောင်နှမ ချစ်စိတ် Brotherhood.

    (၄) အတူယှဉ်တွဲနေထိုင်စားသောက်မှု Co-operative Living.

    (၅) သစ္စာရှိမှု Loyalty.

     ဤမွန်မြတ်သည့် အချက် (၅)ချက်အပေါ် မှီတည်ပြီး၊ နိုင်ငံရေး၊ စီးပွား ရေးနှင့် အမျိုးသားရေး စသည်တို့နှင့် သက်ဆိုင်သည့် `ပေါ်လစီ´ အခိုင်အမာ လုပ်ငန်း အားလုံး ကို ရေးဆွဲခဲ့သည်။ 

    မှတ်ချက်။ ။ K.G.B. (Kaw Thoo Lei Governing Body) ခေါ် ကော်သူးလေ အုပ်ချုပ်ရေးအဖွဲ့ကို ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင်၊ ကေအဲန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးပြီးနောက်တွင် ဖွဲ့စည်းခဲ့သည်။ 

     ၁၉၅၁ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် အရှေ့တိုင်းမှ ခေါင်းဆောင်များနှင့်သာ စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၅၁ ခုနှစ်၊ နိုဝင်္ဘာလတွင် မြစ်ဝကျွန်းပေါ် ခေါင်းဆောင်များဖြင့် ပေါင်း စပ်ပြီး ပြန်လည် ဖွဲ့စည်းခဲ့သည်။ 

     ၁၉၄၉ နှစ် ဇန္နဝါရီလ (၃၁)ရက်နေ့တွင် စတင်ခဲ့သော လက်နက်ကိုင် တော်လှန် ရေးသည်၊ တော်လှန်ရေးကာလ ကျင့်သုံးရမည့်၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး လုပ်ငန်း များအတွက် တိကျသော လမ်းညွှန်ချက်များကို ရေးဆွဲချမှတ် နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တောင်ငူမှတဆင့် အရှေ့တိုင်းသို့၊ ဆုတ်ခွာခဲ့သော ခေါင်းဆောင် များနှင့် မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာခဲ့သော ခေါင်းဆောင်များ၏ ဒေသဆိုင်ရာ အကောင် အထည် ဖော်မှုများသည် တူညီချက်များ ရှိသကဲ့သို့ ကွာခြားချက်များလည်း ရှိခဲ့သည်။ 

     ကော်သူးလေအရှေ့တိုင်းသို့ ဆုတ်ခွာခဲ့သော ခေါင်းဆောင်များတွင် စောဘဦး ကြီး၊ ပအိုဝ်းဦးလှဖေ၊ စကောဝါးခို (စောဖိုးချစ်)၊ ပဒိုဝီရီကျော်၊ ပဒိုစုမော်လွီး၊ ပဒိုဘထွန်း၊ ဂျွန်ဆင်ဒီဖိုးမင်း၊ စောစိန်တင်၊ စောဖိုးမောင် တို့ပါဝင်ပြီး ၎င်းတို့မှာ ဗဟိုအဖွဲ့ချုပ် ဖြစ် သည်။ 

     မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာခဲ့သော ဗဟိုခေါင်းဆောင်များတွင် ဗိုလ်ချုပ် စိုင်းကေ၊ မန်းဘဇန်၊ စကောလယ်တော၊ မန်းသိန်း၊ ဆရာသာမြိုင် (မန်းရှန်ဖလေ့) တို့ ပါဝင်ခဲ့သည်။ 

     တောင်ငူသို့ ဆုတ်ခွာခဲ့သော ခေါင်းဆောင်များသည်၊ ဇူလိုင်လ (၁၄)ရက် နေ့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းပြီး ကော်သူးလေပြည်ကို ကြေညာခဲ့သည်။ ကော်သူးလေ အစိုးရ ဖွဲ့ရာတွင် စောဘဦးကြီးကိုယ်တိုင် တောင်ငူသို့ပင် မရောက်သေးပေ။ ဝန်ကြီးချုပ်မှာ စောဘဦးကြီးဖြစ်ပြီး တခြား ဋ္ဌာနဆိုင်ရာ ဝန်ကြီး(၇)ဦးကို တင်မြောက်ခဲ့သည်။ ဝန်ကြီး အားလုံးတွင် မြန်မာနိုင်ငံ လွှတ်တော်၌ အတွေ့အကြုံရှိသူ (၂)ဦးသာ ပါရှိခဲ့သည်။ ၎င်းတို့မှာ စောဘဦးကြီးနှင့် ဦးလှဖေ တို့ပင် ဖြစ်သည်။ ကော်သူးလေပြည်ကို ထူထောင်သည်ဟု ဆိုသော်လည်း၊ အုပ်ချုပ်ရေးများကို မည်သည့် နေရာဒေသ တနေရာတွင်မျှ စနစ်တကျ မချ မှတ်နိုင်ခဲ့ပေ။ စစ်ပူ ကာလဖြစ်၍ ဖဆပလ တပ်များက ကော်သူးလေ ပြည်ဟု သတ်မှတ်သော ဒေသများကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။ ၁၉၅၀ ခုနှစ်၊ မတ်လတွင် ကော်သူးလေ မြို့တော်၊ တောင်ငူကို ဖဆပလ တပ်များက သိမ်းပိုက်လိုက်သဖြင့် ဝန်ကြီးအားလုံး မော်ချီးသို့ ပြောင်းရွှေ့ခဲ့ကြ ရသည်။ 

     ဧရာဝတီတိုင်းသို့ ဆုတ်ခွာခဲ့သော K.N.U. ဗဟို ခေါင်းဆောင်များကို တောင်ငူရှိ ဗဟို အုပ်ချုပ်ရေးအဖွဲ့က သီးခြားလုပ်ပိုင်ခွင့် ပေးထားသည့်အပေါ် ၁၉၄၉ ခုနှစ် ဇွန်လတွင် ညောင်တုန်းမြို့၌ အစည်း အဝေးတခု ကျင်းပပြုလုပ်ခဲ့ပြီး၊ တပ်မများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည်။ နယ်မြေများကိုလည်း ခွဲဝေ သတ်မှတ်ခဲ့သည်။ 

     ကော်သူးလေ အစိုးရအုပ်ချုပ်ရေး (၃)လအကြာ၊ ၁၉၄၉ ခုနှစ်၊ စက်တင်္ဘာလ (၂၀)ရက်နေ့တွင် စစ်အုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သည်။ စစ်အုပ်ချုပ်ရေးကြောင့်၊ အရှေ့ တိုင်း၊ ဧရာဝတီတိုင်းအတွင်း စစ်ဘက်ကသာ တော်လှန်ရေး၊ အုပ်ချုပ်ရေးကို ရှေ့ဆောင် ခွင့် ရခဲ့သောကြောင့်၊ စည်းရုံးရေး အုပ်ချုပ်ရေး လုပ်ငန်းများတွင် အခွင့်အာဏာများ အလွန်အမင်း သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် လူထု စည်းရုံးရေး လုပ်ငန်းများ ပျက်ပြားလာ ခဲ့ရသည်။ စောဘဦးကြီးသည် စစ်အုပ်ချုပ်ရေးတွင် စစ် သေနာပတိချုပ် တာဝန်ကို ရယူ ထားသော်လည်း၊ စစ်အတွင်းဝန်ဖြစ်သူ ဦးစောလုံ ကသာ အုပ်ချုပ်ရေးကို ကြိုးကိုင်ခဲ့သည်။ စစ်အုပ်ချုပ်ရေး တာဝန်ခံများသည် တော်လှန်ရေးအတွေ့အကြုံများ မရှိသောကြောင့် လူထု စည်းရုံးရေး လုပ်ငန်းများကို အကောင်အထည် မဖော်နိုင်ကြပေ။ အုပ်ချုပ်ရေးများတွင် လည်း ဖရိုဖရဲဖြစ်လာသည်။ အခြေအနေကို ထိန်းသိမ်းရန် စောဘဦးကြီးက၊ မြစ်ဝကျွန်း ပေါ် စစ်ဦးစီးချုပ်တာဝန် ယူနေသော ဗိုလ်ချုပ်စိုင်းကေအား က/န (ကြေးနန်း)ဖြင့် မှာယူ ခဲ့သည်။ ဗိုလ်ချုပ် စိုင်းကေ ရောက်လာသောအခါ အရှေ့တိုင်း ကေအဲန်ယူ အစည်းအရုံးကို ဖော်ထုတ်ရန် ကြိုးပမ်းသော်လည်း အရှေ့တိုင်း ခေါင်းဆောင်များက လက်မခံ ခဲ့ကြချေ။

     မြစ်ဝကျွန်းပေါ်ရှိ ခေါင်းဆောင်များက ဗဟိုမှ ချမှတ်ထားသော စစ်အုပ်ချုပ်ရေး သည် ကရင့်တော်လှန်ရေး အခြေအနေနှင့် မကိုက်ညီဟု ယူဆခဲ့သည်။ အမျိုးသား တော်လှန်ရေးတွင် နိုင်ငံရေးကသာ ဦးဆောင်မှု ကဏ္ဍကို ရယူရမည်။ နိုင်ငံရေး အုပ်ချုပ် ရေး လုပ်ငန်းများအတွက် အဖွဲ့အစည်း (သို့မဟုတ်) ရှေ့ဆောင် ပါတီတရပ် ရှိရမည်ဟု ယုံကြည်နေကြသည်။ ထိုကြောင့် K.N.U. ခေါင်းဆောင် မန်းဘဇန်က ဦးဆောင်ပြီး၊ ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်း ကျေးရွာတွင် အစည်းအဝေးတရပ် ခေါ်ဆိုရာ၊ ကိုယ်စားလှယ် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ K.N.U. အစည်းအရုံးကို ပြန်လည် ဖွဲ့စည်း ခဲ့သည်။ ကေအဲန်ယူ အစည်းအရုံး၏ ရှေ့ဆောင်မှုကြောင့် လူထု စည်းရုံးရေးနှင့် တော်လှန်ရေးလုပ်ငန်းများကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ 

     သို့သော် ၁၉၅၁- ၅၂ “ကျော်ဇော” စစ်ဆင်ရေးသည် မြစ်ဝကျွန်းပေါ်ရှိ၊ မြစ်ဝ ကျွန်းပေါ် တပ်မဟာ (၁)နယ်မြေကို ကြည်း၊ ရေ၊ လေ တပ်တို့ဖြင့် အပြင်းအထန် ဝိုင်းပတ် ထိုးစစ်ဆင်ခဲ့သဖြင့်၊ တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်းများ အိမ် ထောင်သည် အားလုံး၊ ပဲခူးရိုးမ အနောြက်ခမ်းသို့ ဆုတ်ခွာ သွားခဲ့ရသည်။ တပ်မဟာ(၂)၊ တပ်မဟာ(၄) နယ်မြေ များကိုလည်း ဆက်လက် ထိုးစစ် ဆင်ရာ တပ်မဟာ အဖွဲ့များက ရခိုင်ရိုးမဘက်သို့ ပြောင်းရွှေ့ခဲ့ကြရသည်။ 

     အရှေ့တိုင်းတွင် စစ်အုပ်ချုပ်ရေးအတွင်း အခွင့်အာဏာများ အလွန်အမင်း သုံးစွဲခဲ့မှု၊ လူထု ဆန့်ကျင်ရေးကိစ္စများ များပြားလာပြီး စည်းရုံးရေးလည်းကျ၊ အုပ်ချုပ်ရေး လုပ်ငန်းများတွင်လည်း ဖရိုဖရဲ ပရမ်းပတာ ဖြစ်လာရသည်။ စစ်ခေါင်းဆောင်များသည် စစ်အတွေ့အကြုံ မရှိသောကြောင့်၊ စစ်ပွဲများအတွင်း အဆုံးအရှုံးများ များလာသည်။ ခေါင်းဆောင်များ ကိုယ်တိုင် ရန်သူထံ အရှုံးပေးမှုများ ရှိ လာသည်။ 

     အရှေ့တိုင်းထိုးစစ်သည် မြစ်ဝကျွန်းပေါ်တိုင်း ထိုးစစ်ကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်နိုင်ခဲ့သည် မဟုတ်ပေ။ တောင်ပေါ်ဒေသဖြစ်၍ စစ်ဆင်ရေးကို ၎င်းတို့ စိတ်ထင် သည့်အတိုင်း မလုပ်ဆောင် နိုင်ခဲ့ပေ။ သို့သော် ကေအဲန်ယူ အစည်းအရုံး၏ ရှေ့ဆောင်မှု ကို မတည်ဆောက်နိုင်ခဲ့ခြင်း၊ အမြင့်ဆုံး ခေါင်းဆောင် နှစ်ဦးဖြစ်သူ စောဘဦးကြီးနှင့် ဗိုလ်ချုပ် စိုင်းကေတို့ ကျဆုံးသွားခဲ့ရခြင်းကြောင့် မရေရာသော အခြေကို အချိန်အတန်ကြာ ရင်ဆိုင်ခဲ့ကြရသည်။ 

     မြစ်ဝကျွန်းပေါ်တိုင်း ဒေသကြီးတွင် K.N.U. ကေအဲန်ယူ အစည်းအရုံးကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သော်လည်း၊ စည်းရုံးရေး အုပ်ချုပ်ရေးများတွင် ယ္ခင် စစ်အုပ်ချုပ်ရေး ခေါင်းဆောင်များ ပါဝင်လာပြီး၊ အုပ်ချုပ်ရေးအာဏာသည် စစ်ခေါင်းဆောင်များ လက်ထဲ တွင်သာ ရှိခဲ့သည်။ ထို့ကြောင့် စစ်ဗြူရိုကရက်စနစ်၊ စစ်ဘုရင်ဝါဒသာ လွှမ်းမိုး လျက်ရှိ သည်။ ကျော်ဇော စစ်ဆင်ရေးကြောင့် အုပ်ချုပ်ရေးလုပ်ငန်းများ ယိုယွင်းနေသော ကာလကို အခွင့်ကောင်းယူပြီး ဖဆပလ က နိုင်ငံရေး ထိုးစစ် တရပ်ကို စတင်လိုက်သည်။  ဒီမိုကရေစီအရေးနှင့် လက်နက် အလဲအလှယ် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များဖြင့် ဒေသ အသီးသီးသို့ ကွင်းဆင်းပြီး၊ ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့အသီးသီး၊ ကျေးရွာ အသီးသီးသို့ ဝါဒဖြန့်ချိ စည်းရုံးနေသည်။ အချိန်အနည်းငယ်အတွင်း ကျေးရွာ အများ အပြားတွင် အလံဖြူများ ထောင်လာကြသည်။ စစ်အုပ်ချုပ်ရေးကြောင့် ကိုယ်ကျိုးစီးပွား ကြွယ်ဝလာသော ဒေသခံတပ်မှူးများသည် ရန်သူ၏ ဝါဒဖြန့် မှုကို လက်ခံပြီး စေ့စပ်ရေး လုပ်လာကြသည်။ 

    ငြိမ်းချမ်းရေးကို လက်ခံသော တပ်မှူးများသည် လက်နက်ကိုင်ဆောင်ခွင့် တာဝန် ကျသော ဒေသများတွင် တရားဝင် အုပ်ချုပ်ခွင့်၊ အခွန်ကောက်ပိုင်ခွင့်၊ စီးပွားရေး လုပ်ငန်း များကိုလည်း ရရှိလာကြသည်။ ထို့ကြောင့် တပ်မှူးအများအပြား ရန်သူထံ လက်နက်ချ ကြပြီး မိမိတို့ ဒေသတွင်း၌ ရန်သူ၏ စည်းရုံးရေး အစီအစဉ်များတွင် ဝင်ရောက်သွား ကြသည်။ 

     အထက်ဖော်ပြချက်များသည် ကရင်လက်နက်ကိုင်တော်လှန်ရေး အစပိုင်း ကာလ၊ ၁၉၄၉-၅၆ အထိ တိုင်းဒေသ ၂ ခုဖြစ်သော၊ မြစ်ဝကျွန်းပေါ်နှင့် အရှေ့ တိုင်းဒေသ အခြေအနေများ ဖြစ်သည်။ ဤ အခြေအနေဖြင့် ကရင်အမျိုးသားများ မျှော်မှန်းချက် ဖြစ်သော၊ ကရင်ပြည်ကို ရရှိရန် မဆိုထားနှင့် ရန်သူ၏ နိုင်ငံရေး၊ စစ်ရေး ထိုးစစ်အတွင်း လုံးဝ ခြေမှုန်းခြင်း ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပေသည်။